မဟာစည်ဆရာတော်ဘုရားကြီးနှင့် ကောသန္တရ နတ်မင်းတို့ တရားဆွေးနွေးခန်း။

   

မဟာစည် ဆရာတော်ဘုရားကြီး လက်ထက် ၁၉၅၂ ခုနှစ်မှာ ရိပ်သာမှာ တရားလာအားထုတ်တဲ့ ရသေ့မလေးတစ်ပါးဟာ ရိပ်သာရောက်ပြီး ၁၀ ရက်အကြာမှာ သူများနားမလည်တဲ့စကား တွေပြောနေသံ ကြားရတာကြောင့် သူ့ကို ဆရာတော်ကြီးဆီကို ခေါ်သွားကြပါတယ်။ ဆရာတော်ကြီးနဲ့ တွေ့တော့ သူဟာ နတ် ပြည်က နတ်မင်းတစ်ပါး ဖြစ်ကြောင်းနဲ့ ဆရာတော်ကြီးနဲ့ တရားစကား ဆွေးနွေးလိုကြောင်းတို့ကို ပါဠိဘာသာနဲ့ လျှောက်ကြားပါတယ်။ ဆရာတော်ကလည်း နောက်တစ်နေ့ညမှာ ဆွေးနွေးကြမယ်လို့ ချိန်းဆိုလိုက်ပါတယ်။

 
နောက်တစ်နေ့ရောက်လို့ အချိန်ကျတော့ ရသေ့မလေးပါးစပ်က ပါဠိစကားသံတွေ ထွက်လာပြီး ဆရာတော်နဲ့ နိမ္မာနရတိ နတ်ပြည် က နတ်မင်းတစ်ပါးတို့ (ရသေ့မလေးကိုကြားခံပြီး) အမေးအဖြေ လုပ်ကြပါတယ်။ ဒီစကားဝိုင်းကို ဆရာတော်ရဲ့ တကာတော်တွေက အသံဖမ်းယူထားပြီး မြန်မာဘာသာပြန်လို့ မြန်မာ့အသံကနေ တစ်နိုင်ငံလုံးကို ထုတ်လွှင့်ဖို့ ပြင်နေတုန်း သတင်းစာဆရာ တစ်ယောက်က “နတ်နဲ့လူနဲ့ စကားပြောတာဟာ ယုံတမ်းစကားပဲ။ မဖြစ်နိုင်ဘူးလို့” ဝေဖန်လိုက်ပါတယ်တဲ့။ ဒါနဲ့ပဲ ဆရာတော်ကြီးက အဲဒီအချိန်က ၀န်ကြီးချုပ်ဖြစ်တဲ့ ဦးနုကိုခေါ်ပြီး မလွှင့်နဲ့တော့လို့ တားလိုက်ပါတယ်။ အကြောင်းကတော့ ဒီအသံကိုလွှင့်ခြင်းဖြင့် အကျိုးရှိသူတွေရှိနိုင်သလို အကျိုးမရှိသူတွေလည်း ရှိနိုင်တယ်လို့ ယူဆလို့ပါတဲ့။
 
မြန်မာ့အသံကနေ အသံမလွှင့် နိုင်ခဲ့ပေမယ့် အသံဖမ်းထားတဲ့ ဒီတိပ်ခွေကို လက်ဆင့်ကမ်း ထိန်းသိမ်းထားသူတွေရဲ့ ကျေးဇူးတို့ကြောင့် ပြန်လည် နာကြားခွင့် ရကြပါတယ်။ ဒီနတ်နဲ့လူနဲ့ တရားဆွေးနွေးတဲ့ပွဲမှာ ဒီစကားဝိုင်းရဲ့ ကောသန္တရ နတ်မင်းနဲ့ ဆရာတော်ဘုရားကြီးတို့ ပါဠိဘာသာနဲ့ အမေးအဖြေ လုပ်ကြတဲ့အသံကို နာကြားရမှာ ဖြစ်ပါတယ်။ (ပါဠိကနေ မြန်မာလို ပြန်ပေးထားတာကို အမေးအဖြေတစ်ခုနဲ့ တစ်ခုကြားမှာ ကြားရမှာပါ) နတ်မင်းက ကြားခံပုဂ္ဂိုလ်လုပ်ပြီး စကားပြောနေတဲ့ ရသေ့မလေးဟာ ရိုးရိုးစာကိုသာ ဖတ်တတ်ပြီး ပါဠိလိုလုံးဝ မတတ်ကြောင်းနဲ့ နောက်ပိုင်းမှာ ရသေ့မလေးရဲ့ ပင်ကိုအသံကိုပါ ခွဲခြားနိုင်အောင် ထည့်သွင်း ပေးထားကြောင်း အသံဖိုင်ရဲ့ရှေ့ပိုင်းမှာ ရှင်းပြထားပါတယ်။
 
ဒီနေရာမှာ နတ်သားနတ်သမီး တွေပြောတဲ့ ပါဠိနဲ့ မြန်မာပြည်မှာ သုံးစွဲပြောဆိုတဲ့ ပါဠိတို့အနည်းငယ် ကွာခြားတာကိုလည်း သတိထားမိမှာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ နီးပါး (၁၉၅၂ခုနှစ်)က အလွန်ရှားပါးတဲ့ အခွေဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ အနည်းငယ် ညံ့ပေမဲ့၊ ပြီးဆုံးအောင် နာကြားရင်တော့ဖြင့် ဓမ္မမိတ်ဆွေများ အသိတစ်ခုတော့ တိုးပွားမှာ အမှန်ပင် ဖြစ်ပါတယ်။
 

Online Users